မြန်မာနှစ်ဆန်း ၁ ရက် နေ့ ၂၀၀၆ ခုနှစ် ကလေးငယ်များအား ပြဇာတ် ပြခြင်းနှင့် ညနေစာကျွေးခြင်း
နည်းနည်းငြိမ်နေသလို ဖြစ်နေတဲ့ ကျနော်တို့ ကူညီသောလက်များရဲ့ ခုရက်ပိုင်း လှုပ်ရှားဖြစ်တာလေးတွေကို အားလုံးကို ဝေမျှချင်လို့ပါ။ ကျနော်တို့တွေ ဧပြီလထဲမှာ ကလေးတွေ ဖွံ့ဖြိုးရေးအစီအစဉ် နှစ်ခုကို လုပ်ဖြစ်ခဲ့ ကြပါတယ်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကမ္ဘာ့ကလေးငယ်များ အဖွဲ့က ဦးစီးပြီး လုပ်တဲ့ ကျန်းမာရေး ပညာပေး တေးဂီတပြဇာတ်ကို သန်လျင် ဗလအားမာန်မှ ကလေး(၁၀)ဦး၊ ရတနာပုံရိပ်ငြိမ်မှ ကလေး(၁၀)ဦးနဲ့ မြင်သာမြို့ဦးမှ ကလေး (၂၅)ဦးကို လိုက်ပါ ပြသပေးနိုင်ခဲ့ပါတယ်။ ကုန်ကျစရိတ်(သယ်ယူပို့ဆောင်စရိတ်နဲ့ စားစရိတ်)ကို အဲဒီ အဖွဲ့က နေပဲ ကျနော်တို့ကို အထောက်အပံ့ပေးခဲ့ပါတယ်။ကျနော်တို့တွေက လုပ်အားစိုက်ခဲ့၊ စီစဉ်ခဲ့ကြပါတယ်။
ညနေ(၅)နာရီမှာ စမဲ့ ပြဇာတ်အတွက် နေ့လည်(၁၂)နာရီလောက်ကတည်းက ကျနော် အစ်မကြီးအိမ် ရောက်ပါတယ်။ ဟီး...ထမင်းဝင်စားဖို့ စောစောလာလိုက်တာ။အစ်မကြီးကတော့ ကိုယ်ဝန်ရင့်လာပြီမို့ ကလေးတွေကို ဘစ်စ်ကားနဲ့ ၀င်ကြိုတဲ့ အခါ မပါနိုင်တော့ပါဘူး။ဒါပေမဲ့ သူက ကိုယ်စားရှိတယ်ခင်ဗျ။သူ့ရဲ့ ပါရမီဖြည့်ဖက်ကြီးကို သူ့ကိုယ်စားဆိုပြီး မြင်သာမြို့ဦးမှာ စီစဉ်စရာရှိတာ စီစဉ်ရအောင် လွှတ်လိုက်ပါသတဲ့။နောက် တင်ခိုင်လင်း (ထက်ထက်) အိမ်ကိုသွားပြီး ငှားထားတဲ့ ဘတ်စ်နဲ့ မြင်သာမြို့ဦးက ကလေးတွေကို အရင်ဆုံး ၀င်ကြိုပါတယ်။အဲဒီနောက်တော့ ရတနာပုံရိပ်ငြိမ်က ကလေးတွေကို ၀င် ခေါ်ပါတယ်။ရတနာပုံရိပ်ငြိမ်မှာက မော်မော်ထွန်း၊ အေးမီမီထွန်း နှင့် အခြား ဗော်လန်တီယာများက ကလေးများကို ရေမိုးချိုး ပြင်ဆင်ပေးတာကို နည်းနည်းစောင့်(နှစ်ဆန်းတစ်ရက်နေ့မို့ ၀န်ထမ်းတွေရော ဆရာမတွေရော မလာလို့ ကလေးတွေကို ကိုယ်တိုင်ပဲ ရေချိုးပေးခဲ့ရပါသတဲ့) ပြီး သန်လျင်ကို ခရီးဆက်ခဲ့ကြပါတော့တယ်။
ကားပေါ်မှာ အလှူရှင်တွေ လှူလိုက်တဲ့ (မထက်အိမ်နဲ့ အေးမီ ရဲ့ ညီမတွေ) စနက်ခ်(စ်)နဲ့ အအေးတွေ ဝေပါတယ်။ဒီလိုနဲ့ ပြဇတ်ပြမဲ့ တာမွေ ဂီတမိတ်ကို ကျနော်တို့ ၄နာရီခွဲလောက်မှာ ရောက်သွားပါတယ်။ ပြင်ဆင်တာကို နည်းနည်းစောင့်ပြီး (၅)နာရီမှာ ပြပွဲစပါတယ်။ပြပွဲစလို့ မကြာခင်မှာ အစ်မကြီး မယဉ်ငြိမ်းက တက်စီနဲ့ ဂီတမိတ်ကို ရောက်ပါတယ်။
ကလေးတွေကို တကိုယ်ရည်သန့်ရှင်းရေး ရှိရမည့်အကြောင်း၊ ရေကို သန့်စင်ပြီးမှ သောက်သင့်ကြောင်း၊ ပိုးလောက်လန်း အန္တရာယ် ယင်လုံအိမ်သာ သုံးသင့်ကြောင်း စတာတွေကို တကွက်ထိုး ဟာသပြဇာတ်လေးတွေ၊ သီချင်းတွေနဲ့ ပြသွားပါတယ်။ ကလေးတွေတော့ မသိ...ကျနော်တို့ လူကြီးများကတော့ သဘောတွေကျလို့ပေါ့။ နောက်ပြီးတော့ အဲဒီမှာပဲ အလှူရှင်တစ်ဦးက ကလေးတွေကို အအေးတိုက်ပါတယ်။ ကျနော် သေချာမသိလိုက်ပေမဲ့ (အိမ်သာသွားချင်တဲ့ ကလေးတွေရှိလို့ လိုက်ပို့ ဘာညာလုပ်နေရတာပါ။) စိုင်းစိုင်းခမ်းလှိုင် လာသွားတယ်ဆိုပဲ။
ဒီလိုနဲ့ ၆နာရီလောက်မှာ ပြဇာတ်ပြီးပါတယ်။ နောက် အစီအစဉ်အနေနဲ့က ကလေးတွေကို နီလာဒံပေါက် လိုက်ကျွေးဖို့ဖြစ်လို့ ဦးဆောင်စီစဉ်တဲ့ အဖွဲ့က တာဝန်ရှိသူတွေ ပြဇာတ်ကို တင်ဆက်ပြသတဲ့သူတွေကို ကျေးဇူးတင် နှုတ်ဆက်စကားပြောပြီး မြို့ထဲကို ထွက်ခဲ့ကြပါတော့တယ်။ကလေးအားလုံးကို ကျွေးဖို့ စီစဉ်ထားပေမဲ့ သန်လျင်က ကလေးတွေက ကိုရင်တွေ ဖြစ်နေလို့ ညနေစာ ထမင်းမစားပါဘူးတဲ့။ အောင်မလေး... ကလေးတွေက ခုလို ၁၂နာရီကျော်မှာ စနက်ခ်စ် စားတာတောင် အတော် အပြစ်ကြီးပြီးဆိုပဲ။
ဒါနဲ့ တမျိုးစီစဉ်ရပါတယ်။ သန်လျင်ကျောင်းက ကလေးတွေကို တဖွဲ့က ပြန်လိုက်ပို့ (မယဉ်ငြိမ်းရဲ့ ပါရမီဖြည့်ဖက်၊ မထက်နဲ့ သက်စု) ပြီး ကျန်တဲ့ အဖွဲ့ (မယဉ်ငြိမ်း၊ မော်မော်၊ အေးမီ နှင့် ဗော်လန်တီယာများ)က ကလေးတွေ ထမင်းစားတာကို ကြီးကြပ်ပေါ့လေ။
ဒါနဲ့ ကျနော်တို့က ကလေးတွေကို ပြန်လိုက်ပို့ပါတယ်။နေ့လည်စာ ဟုတ်တိပတ်တိ စားမထား (ညနေကလည်း ၇နာရီခွဲနေပါပြီ)တဲ့အတွက် ဗိုက်စာလွန်းလို့ သန်လျင်ဘုန်းကြီးဆီက အရှင်ဘုရား ဗိုက်ဆာလို့ တခုခုစွန့်ပါဆိုပြီး တောင်းစားခဲ့ရပါသေးတယ်။ ဒေါ်တင်ခိုင်လင်းက သက်စုနဲ့ သွားရင် မငတ်ဘူး။ အနည်းဆုံး တောင်းကျွေးတယ်တဲ့။ ဒါနဲ့ ဘုန်းကြီးစွန့်တဲ့ ငှက်ပျောသီးတစ်ဖီးကို ယူပြီး မြို့ထဲကို ပြန်ပါတယ်။နီလာ ဒံပေါက်မှာ ကျန်နေခဲ့တဲ့ အဖွဲ့မှာလည်း မလွယ်ပါဘူး။သူနဲ့ကြမှ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပြီး အစစ်အဆေးခံခဲ့ကြရပါတယ်တဲ့။အားလုံး စားသောက်ပြီးတဲ့အခါ ၈နာရီလည်း ထိုးပါတော့မယ်။ရတနာပုံရိပ်ငြိမ်နဲ့ မြင်သာမြို့ဦးက ကလေးများကိုတော့ လမ်းကြုံတဲ့ အစ်မကြီးယဉ်ငြိမ်းတို့နဲ့ မထက်က ပြန်လိုက်ပို့ပေးခဲ့ပြီး ကျန်တဲ့ ကျနော်တို့တွေက နီလာဒံပေါက်ကနေပဲ လူစုခွဲခဲ့ကြပါတော့တယ်။
ပြဇာတ်အပေါ် ကလေးတွေရဲ့ တုန့်ပြန်မှုက မဆိုးပါဘူး။ကျနော်တို့ နည်းနည်းလိုသွားတာက ဘယ်အရွယ် ကလေးတွေကို ရည်မှန်းပါသလဲဆိုတာ စီစဉ်တဲ့ သူတွေကို မမေးဖြစ်လိုက်တာပါ။သင်္ကြန်နားနီးမှ သိရတော့ ရက်ကြပ်ပြီး ခပ်လောလော စီစဉ်လိုက်ရသလို ဖြစ်သွားတာလည်း ပါပါတယ်။တချို့ ကလေးအကြီးတွေ အထက်တန်းတွေ အနေနဲ့က နည်းနည်း ဘယ်လို ပြောမလဲနော် ပေါ့နေမယ် ထင်ပါရဲ့။သူတို့ ရည်ရွယ်တာက မူလတန်း ကလေးတွေ အတွက် ဖြစ်မယ်ထင်ပါတယ်။သင်ခန်းစာကောင်းတစ်ခုလို့ပဲ သဘောထားကြရမှာပါ။
ဘာပဲပြောပြော ကလေးတိုင်းကတော့ မြို့ထဲကို ထွက်ရလို့ ပျော်ကြပါတယ်။သန်လျင်တံတားကို ဖြတ်ရတာ ကိုလည်း သူတို့မှာ ထူးဆန်းလို့၊သင်္ဘောမြင်ရတာကိုး၊သူတို့ တောင်ပေါ်မှာ (အများစုက ပအိုဝ်တိုင်းရင်းသား တွေပါ။) မရှိဘူးလေ။ ကားပေါ်မှာ နောက်ပြီး စပယ်ယာတွေ ပြောသလို ပြောကြ၊ စံပြဈေးပါတယ်လို့ သူတို့က ပြန်နောက်နဲ့ ကျောင်းဝင်းထဲမှာထက် သူတို့တွေကို ဖြတ်ဖြတ်လတ်လတ်နဲ့ အက်တစ်ဗ်ဖြစ်တယ်လို့ မြင်ရပါတယ်။
ခုလို အစီအစဉ်လေးဖြစ်အောင် အကူအညီပေးခဲ့တဲ့ ကမ္ဘာ့ကလေးများ အဖွဲ့နဲ့ တင်ဆက်ကပြပေးခဲ့ကြတဲ့ ဂီတမိတ်က သင်တန်းသားများနဲ့ အလှူရှင်များ အားလုံးကို ကူညီသောလက်များ အဖွဲ့မှ ကျေးဇူးအများကြီးတင်ကြောင်း ပြောလိုပါတယ်။ နောက်ပြီး ကျနော်တို့ အဖွဲ့ကို အထွေထွေစရိတ်အနေနဲ့ လှူဒါန်းပေးခဲ့ကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ဆိုတာက ကျနော်တို့ အဖွဲ့သားတွေ သွားလာ စရိတ်ကိုတော့ အဲဒီ ဘတ်ဂျက်ထဲက သုံးခဲ့ကြလို့ပါ။
မှတ်တမ်းတင်သူ (သက်စု)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment