11 May, 2008

National Day Activity

4 Dec 2007
မင်္ဂလာပါ

ကူညီသောက်လက်များ အဖွဲ့ဟာ ၄.၁၂.၂၀၀၇(အမျိုးသားနေ့)မှာ မြင်သာမြို့ဦးကျောင်းမှာရှိတဲ့ ပညာသင်ဆု ရရှိတဲ့ ကျောင်းသားများထဲက ထူးချွန်ကျောင်းသားများကို တနေ့တာလည်ပတ်ခြင်း အစီအစဉ်ဖြင့် ဂုဏ်ပြုလက်ဆောင်နေ့တနေ့ ပေးဖြစ်ခဲ့ပါတယ်။

ပညာသင်ထောက်ပံ့ကြေး ရရှိသူကျောင်းသား ၂၅ဦးထဲမှာ အဆင့်တစ်မှ ငါးအတွင်းရရှိတဲ့ သူများကို မိမိတို့နှစ်သက်ရာအစားအစာ၊ မိမိတို့လည်ပတ်လိုသောနေရာကို ချီးမြှင့်ဖို့ဂတိပြုထားဖြစ်ခဲ့ပါတယ်။ ဂတိပြုထားတဲ့ ကာလအတွင်းမှာပဲ အလှူရှင်တစ်ဦးကလည်းပေါ်လာခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရောက် မခိုင်ခိုင်တင့်နှင့် သူငယ်ချင်းတစ်စုမှာ ကလေးငယ်များအတွက် လိုအပ်ရာ လှူဒါန်းနိုင်ဖို့ ကူညီသောလက်များ အဖွဲ့ကို ကျပ်တစ်သိန်းနှစ်သောင်းငါးထောင်တိတိကို (၁၂၅,၀၀၀ ကျပ်)အစီအစဉ်လေး ရှိတဲ့အကြောင်း ပြောကြားတဲ့အခါမှ သင့်တော်သလိုသာ လှူပေးဖို့ သဘောတူညီခဲ့တာနဲ့ မခိုင်ခိုင်တင့်တို့၏ လှူဒါန်းမှု အစီအစဉ် အဖြစ် ကူညီသော လက်များက ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ကလေးငယ်၂၅ဦးထဲမှာ အဆင့်တစ်မှ ငါးအတွင်းရရှိသူ ၉ဦး ပေါ်ပေါက်ခဲ့ပါတယ်။ ထို့အပြင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒဘာသာရပ်တွေမှာ အမှတ်ပြည့်ရ ထူးချွန်ကျောင်းသား ၇ဦးရှိခဲ့ပါတယ်။ ထိုကလေးငယ် ၇ဦးကို သီးခြားထူးချွန်ဆုအဖြစ် သူတို့လိုချင်တဲ့ စာအုပ်စာတမ်းဆုအဖြစ် ချီးမြှင့်ခဲ့ပါတယ်။

ကျွန်မတို့ဟာ မြင်သာမြို့ဦးကျောင်းကနေ မနက်၁၁နာရီတိတိမှာ ထွက်ခွာခဲ့ကြပါတယ်။ ကျောင်းနားက ဘတ်စ်ကားဂိတ်ကနေ ပါရမီအဓိပတိကားရှိရာ ညောင်ပင်ကားဂိတ်ကို ဘတ်စ်ကားစီးလို့ သွားခဲ့ကြပါတယ်။ အဲဒီ နောက် ပါရမီအဓိပတိကားနဲ့ ပြည်လမ်းမှာရှိတဲ့ အမျိုးသားပြတိုက်ကို ရောက်ရှိခဲ့ကြပါတယ်။ အမျိုးသားပြတိုက် မှာ အချိန်၂နာရီပေးလို့ ကလေးငယ်များနဲ့အတူ ကြည့်ရှု လေ့လာမှတ်သားစရာများကို ကြည့်ရှုလေ့လာခဲ့ကြပါ တယ်။

နေ့လည် ၂နာရီမှာတော့ အမျိုးသားပြတိုက်မှ အငှားကား၂စီးနဲ့အတူ ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်ကို ရောက်ရှိခဲ့ကြပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ အချိန်တစ်နာရီကြာအောင် လှည့်ပတ်ကြည့်ရှု ဘုရားဖူးမျှော်ခဲ့ကြပါ တယ်။ အဲဒီနောက်မှာတော့ ရွှေတိဂုံဘုရားတောင်ဖက်မုဒ်က ဟက်ပီးဝေါကစားကွင်းကို ၀င်ခဲ့ကြပါတော့တယ်။ ကစားကွင်းကိုမ၀င်မီ ကလေးများအဆာပြေအဖြစ် အအေးနှင့်မုန့်များ ၀ယ်ကျွေးဖြစ်ခဲ့ပါတယ်။

ကလေးငယ်များ ပျော်ရွှင်စွာ ကြည့်ရှုကစားဖို့ မုန့်ဖိုးများအပြီး ကျွန်မလည်း သူတို့နည်းတူစွာ ပါဝင် ၀င်ရောက် ကစားဖြစ်ခဲ့ပါတော့တယ်။ ကစားကွင်းမှာ အချိန်၂နာရီပေးခဲ့ပေမယ့် ကလေးတို့ရဲ့ ပျော်ရွှင်စွာ ကစားချင်စိတ်ဟာ ရပ်တန့်လို့မရနိုင်ခဲ့လို့ အချိန်မိနစ်၂၀ထပ်ပေးခဲ့ရပါတယ်။

ညနေ၅နာရီခွဲမှာတော့ ကစားတာကို ရပ်တန့်ဖို့နှိုးဆော်ပြီး ညနေစာထမင်းကျွေးဖို့ ငွေတောင်တရုတ်စား သောက်ဆိုင်ကို အငှားကားနဲ့ ခေါ်ခဲ့ရပါတော့တယ်။ ငွေတောင်မှာထမင်းစားသောက်ပြီးချိန်မှာတော့ ကျွန်မတို့ ဟာ ငွေတောင်စားသောက်ဆိုင်ကနေ မြင်သာဘုန်းကြီးကျောင်းကို လမ်းလျှောက်ပြန်ခဲ့ကြပါတော့တယ်။

မြင်သာ ကျောင်းနဲ့ ငွေတောင်စားသောက်ဆိုင်ဟာ တစ်မှတ်တိုင်စာဝေးပါတယ်။ အပြန်လမ်းတစ်လျှောက် မှာတော့ သူတို့ ကစားခဲ့ပုံ ၊ ကစားကွင်းကနေပြန်လည်ရရှိလာတဲ့ အမှတ်တရပစ္စည်းဘယ်လိုရခဲ့ပုံ ၊ အမျိုးသားပြတိုက်မှ သူတို့အလွန်စိတ်ဝင်စားခဲ့သော တိုင်းရင်းသားလူမျိုးစုများ၏ ၀တ်စားဆင်ယင်မှုပြ ရုပ်တုများအကြောင်းကို ညံညံစည်စည်ပြောရင်း မြင်သာမြို့ဦးကျောင်းကို ည၇နာရီတိတိမှာ ပြန်လည်ရောက်ရှိ လာခဲ့ပါတော့တယ်ရှင်။

ကုန်ကျငွေအဖြစ် ကျပ်ရှစ်သောင်းလေးထောင်တိတိ(၈၄,၀၀၀ကျပ်) ဖြစ်ပြီး ကျန်ငွေ ကျပ်လေးသောင်း တစ်ထောင် (၄၁,၀၀၀ကျပ်) ဖြစ်ပါတယ်။
(ယဉ်ယဉ်ငြိမ်း)

No comments: