24 January, 2007

22/01/2006 တိရစ်ဆန်ရုံသို့ အလည်တစ်ခေါက် - ၂

နံနက် (၉း ၃၀) ခန့်မှာ တိရိစ္ဆာန်ဥယျာဉ်ကို ရောက်ကြပါတယ်။
ရှေ့ပြေးအဖွဲ့က ယုန်ဖြစ်ပြီး၊ ခက်တာက ဦးစီးတဲ့ မန်ဘာ တင်ခိုင်လင်း က သူ့လက်ထဲက မြေပုံကို ပြောင်းပြန်ကြည့်မိပြီး လမ်းကြောင်းမှားတာကတစ်ခု၊ ကာလာပရင်တာနဲက ထုတ်ထားတာတောင် မြေပုံက အရုပ်တွေကို ၀က်ဝံလား မျောက် လား မခွဲတတ်တာက တစ်ကြောင်း ယောင်ဝါးဝါးနဲ့ မလိုအပ်ဘဲ. ပတ်သွားရတဲ့ ကိစ္စမျိုးတွေလဲ ဖြစ်ခဲ့ပါသေးတယ်။

အားလုံးသော အဖွဲ့ဝင်များအားလုံးကလဲ တိရိစ္ဆာန်ဥယျာဉ် ကိုလဲ မရောက်တာ နှစ်ချီနေပြီဖြစ်တာမို့..အားလုံးက ယုံကြည်စွာ လိုက်ပါလာကြပါတယ်။ အဟိ.. ချောတီး ချောတီး။
နောက် အားလုံး တစ်ဖွဲ့ ပြီးတစ်ဖွဲ့ အစဉ်လိုက် သွားခဲ့တာမို့ အဖြူရောင်တီရှပ် တူညီဝတ်စုံလေးတွေနဲ့ ကလေးလေးတွေရယ်.. အဖွဲ့သင်္ကေတ ဆွဲကြိုးလေးတွေရယ်နဲ့..တစ်ဖွဲ့ကြီး ပျော်စရာ။ ကြည်နူးစရာ ကောင်းလှပါတယ်။

မှတ်တမ်းတင်သူ - ထက်ထက်
အဲ့ဒီအချိန်မှာ အဖွဲ့တွေ အားလုံးနားဖို့၊ နေ့လည်စာ စားသောက်ဖို့အတွက်ကို မန်ဘာ တစ်ဦးနဲ့အတူ အစ်မကြီး မယဉ်ငြိမ်း ခမျာလဲ နောက်တန်း (ငှက်လှောင်အိမ်ကြီး)နားမှာ.. ဒေါင်ချာဆိုင်းနေအောင် အလုပ်များနေပါပြီ။ ဗော်လန်တီယာ ၂ ဦး နဲ့ မန်ဘာတစ်ဦးကလည်း ခြေတိုမတတ် ပစ္စည်းတွေ အစားအသောက်တွေကို ၀င်ပေါက်ကနေ..နားနေရာကို သယ်ပေးခဲ့ပါတယ်။
နေ့လည် ၁၁း၃၀ မှာ စုရပ်နားနေရာမှာ အဖွဲ့လိုက် ၀ိုင်းထိုင်ပြီး.. နေ့လည်စာ ဒံပေါက် ထမင်းကို ပျော်ရွင် စွာ စားသောက်ကြပါတယ်။ အားရစရာကောင်းလောက်အောင် ကလေးများအားလုံးစားနိုင်တာမို့ အလှူရှင် ကိုယ်တိုင် ကလည်း.. ဓါတ်ပုံ တစ်ဖျတ်ဖျတ်.. နဲ့ ကြည်နူးပီတိ ဖြစ်နေပါတယ်။
အားလုံး စားသောက်အပြီးမှာ.. ဒေါ်မော်မော်ထွန်း နဲ့ ဒေါ်အေးမီမီထွန်း (ဖတ်(စ်)အိဒ်)တာဝန်ခံများက ဇီဇ၀ါ အစာကြေဆေးလုံးများ လိုက်လံ ကျွေးပါတယ်။

နောက်မှာလဲ.. ဂျေဒိုးနပ် မုန့် အစီအစဉ်ရှိနေသေးတယ် ဆိုတာကြောင့် .. ကလေးများအားလုံးကို ဆော်သြော ပြီး.. ထပ်မံ ခရီးဆက်ပါတယ်။ ဒီတစ်ခါ..ပတ်ရန်ကျန်သေးတဲ့ တိရိစ္ဆာန်ရုံ တစ်ခြမ်းကို ပတ်မှာပါ။ ဆင်တွေရှိတဲ့ဘက်ပေါ့..။ ဒီတစ်ခါတော့ အစ်မကြီး မယဉ်ငြိမ်းရဲ့ အမျိုးသား ကိုကောမတ်ခမျာ.. ရှေ့က ယုန်အဖွဲ့ ကို လမ်းညွှန်လိုက်..နောက်ဆုံးက ကျား ဆီကို ပြေးလိုက် အလုပ်များရပါတယ်။ ဒေါ်တင်ခိုင်လင်း က တော့ သူ့လက်ထဲက မြေပုံကို ကိုကောမတ် ကိုပဲ အပြီးအပ်လိုက်ပါတယ်။

အဲ့ဒီအချိန်မှာ နောက်တန်းက အစ်မကြီး မယဉ်ငြိမ်းတို့ လူစု က အလှူရှင် ကိုဇော်လတ်က သယ်ယူလာတဲ့ ပူစီဖေါင်းတွေကို လေထိုးတံလေးနဲ့ မှုတ်သွင်းပြီး..အလှူရှင် ကိုယ်တိုင် ဒီဇိုင်းအမျိုးမျိုး ပုံလေးတွေလုပ်နေကြ ပါတယ်။ သေနတ်၊ ခွေးရုပ်၊ ကြောင်ရုပ်စသည်ဖြင့်..။

ကလေးများကို တစ်နေရာပြီးတစ်နေရာ ပတ်ပြီး ခေါ်လာ.. နေ့လည် ၂း၀၀ နာရီ ထိုးခါနီးတော့.. စုရပ်နေရာကို ပြန်သွားကြပါတယ်။ စုရပ်နေရာရောက်တော့.. နေ့လည်မုန့် ဂျေဒိုးနပ် များကို ကျွေးပါတယ်။ ပြီးတဲ့ အခါမှာ.. ကလေးများမှ အဖွဲ့လိုက် သီချင်းများဆိုကြပါတယ်။ အမူအယာတွေနဲ့ဆို ကြတာမို့ တော်တော်လေး ပျော်စရာကောင်းပြီး၊ အလှူရှင်မှာလဲ မမောနိုင်မပန်းနိုင်.. ဓါတ်ပုံတွေ ဗွီဒီယိုတွေနဲ့ မှတ်တမ်းတင်ရပါတယ်။ ကလေးတွေအားလုံးကို ပူစီဖေါင်းရုပ်လေးတွေလဲ တစ်ခုစီ ဝေပေးပါတယ်။

အဲ့ဒီနောက်.. အလှူရှင် ရဲ့မိတ်ဆွေ ဖြစ်တဲ့ စီးတီးမတ် မှ ကလေးများအားလုံးကို တစ်ဦးလျှင် ပုံဆွဲ အရောင်ခြယ်စာအုပ် တစ်အုပ်၊ ရောင်စုံခဲတံတစ်ဗူး၊ ဂျယ်လီ တစ်ထုပ်၊ ဝေဖာတစ်ခု စသည်ဖြင့် လာရောက် လှူဒါန်းပေးဝေ ခဲ့ပါတယ်။ ကလေးများအားလုံးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါတယ်။
နောက်..အားလုံးပဲ..အဖွဲ့လိုက် အဖွဲ့လိုက် စီတန်းပြီး..ကားရပ်ထားရာနေရာကို ပြန်လာခဲ့ကြပါတယ်။
ကလေးတွေအားလုံးရော..အလှူရင်ကိုယ်တိုင်ရော.. ဗော်လန်တီယာများ၊ မန်ဘာများအားလုံး ပျော်ရွင် ကြည်နူးရတဲ့ နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။

မှတ်တမ်းတင်သူ - (တင်ခိုင်လင်း)

No comments: