21 May, 2008

Our. Helping Hands in Reconsturction, rebuilding...

Last weekend, our collaborative team visited to the range of villages in Dadeye township beside the TOE rivers, which are drastically affected by Nargis. We've planned to do in such area not only for relief purpose but also for rebuilding their house.

Our team is now preparing to donate the following villages

1. Chaung Gyi Village, Dedaye Township (350 households, population: 500)
2. Hle Seit Village, Dedaye Township (150 households left after Nargis)
3. Late Kyun Village, Dedaye Township (120 households left after Nargis out of 1000)

Our survey team reported that they needs Rice, salt, Drinking Water, Tarpaulin, Wire, needed accessoires for rebuilding.

We are planning to procure those items to distribute there. In addition, we also would like to drainage and clean the village water pond, the only water resource of Chaung Gyi Village and other 3 small villages near by it which was contaminated by Nargis.

We also have a plan to donate some clothing in Than Phat Village, Dedaye Township.

Funds for above projects are especially raised by the colleagues from "The Global Fund" getting through by cyclonerelief.wordpress.com

We'll update information more...

59 Units still work in progress at Shwe Pyi Thar

We're now doing reconstruction works at Shwe Pyi Thar for the rest 59 Huts.
We'll update with photos for that activity more..
Fund for the rest 59 also provided from Cyclonerelief.wordpress.com

14 May, 2008

Pilot 10 units at Shwe Pyi Thar - 13th May 2008

Our second activity of Reconstruction pilot 10 huts at Shwe Pyi Thar with Myanmar Cyclone Relief Funding, today 13th May 2008 - progress follow up photos are here.

12 May, 2008

Cyclone Nargis Aid from HH4NG

Although helping the natural disaster victims are not in our objectives, Cyclone Nargis in Myanmar on 3rd May 2008 was a case which need the nationwide care and helps. The situation on the ground continues to deteriorate and it imposed us to help the needy peoples and those victims.
One of the cyclone relief funding group is giving fund to HH4NG for helping the donation process such as food rationing and reconstruction of the drastically destroyed places of Yangon region. And we've some

Our First Activity for Food rationing at "Hlaing Thar Yar" for 3770 families














Full Album Link....

Our Second Activity is Helping for donation of reconstruction works of drastically destroyed house at Shwe Pyi Thar, Block 11. Total 69 huts.

For reconstruction work, we are helping to start with 10 pilot huts and it will be finished on 15 May 2008. Cyclonerelief fund is going to support for the left 59 huts.









Accounts clearing for above projects so far



11 May, 2008

ပညာ့သိပ္ပံ ဘုန်းတော်ကြီးသင် စာသင်ကျောင်း

10 April 2008

ပညာသိပ္ပံ ဘုန်းတော်ကြီးသင်ကျောင်းဟာ မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် ရေကူးဘူတာရုံလမ်း မှာ တည်ရှိပါတယ်။ ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား ကိုလေးငယ်များဟာ ကိုရင်အဖြစ်ရပ်တည် ပညာသင်ကြား ကြပါတယ်။ ကျောင်းနေ ကိုရင်ကလေးငယ် ၈၀နဲ့ ကလေးငယ် ၂၀နီးပါး ၊ စုစုပေါင်း ၁၀၀နီးပါးရှိပါတယ်။

ရပ်ကွက်အတွင်းမှ ပညာသင်ကြားသူ ကလေးငယ်ပေါင်းက ၃၆၅ယောက်ရှိပြီး စုစုပေါင်း စာသင်သားကလေးငယ် ၄၆၅ယောက်ရှိပါတယ်။ ကျောင်းအတွင်းမှာ ကျောင်းထိုင်ဆရာတော်ရဲ့ သတင်းသုံးရာ အုတ်တ၀က်၊ပျဉ်တစ်ဝက် နှစ်ထပ်ကျောင်း ဆောင်တစ်ခု၊ နှစ်ထပ်သိမ်ကျောင်းဆောင်တစ်ခု၊ အာစီနှစ်ထပ်ကျောင်းဆောင်ရှည်ကြီးတစ်ခု၊ ရေချိုးအုတ်ကန်နှစ်ခု၊ ငါး ခန်းတွဲအိမ်သာတစ်ခုရှိပါတယ်။

ကလေးစာသင်ကျောင်းခန်းအဖြစ် နှစ်ထပ်ကျောင်းဆောင်ရှည်ကြီးမှ အခန်း ၃ခန်း၊ ကျောင်းထိုင်ဆရာတော်၏ အောက်ထပ်မှ ဟောခန်းရှည်ကို နှစ်ပိုင်းပို်င်းပြီး စာသင်ခန်း၂ခုအဖြစ်ဖန်တီးထားပါတယ်။ ကျောင်းစာသင်ကလေးငယ်ဦးရေနဲ့ ကျောင်းစာသင်ခန်းအရေအတွက် မမျှလို့ စာသင်ချိန်များကို ညှိနှိုင်းသင်ရတာ ဖြစ်လို့ ကလေးငယ်များရဲ့ စာသင်ချိန်မပြည့်ဝတာမျိုးတွေ ဖြစ်ရတာတွေလည်း ရှိတယ်လို့သိရပါတယ်။

အဓိက ပြဿနာ ကတော့ ကလေးငယ်၄၆၅ဦး၊ ဆရာတော်များ၊ ဦးပဇင်းများနဲ့ ကိုရင်ငယ်များအတွက် အိမ်သာမလုံလောက်တဲ့ပြဿနာ လို့သိရပါတယ်။ စာအုပ်စာတမ်းအနေနဲ့ နှစ်စဉ်လိုအပ်တာဖြစ်လို့ အလှူရှင်မရှိရင် ကျောင်းအုပ်ဆရာတော်က သင့်သလိုဖြေရှင်းလို့ရပေမယ့် အိမ်သာပြဿနာကတော့ ဒီနေ့ထိ ရှိနေတုန်းပါပဲလို့ ... ကျောင်းတာဝန်ခံဆရာမ ဒေါ်နီနီထွန်းက ပြောကြားခဲ့ပါတယ်။

မိန်းကလေးအိမ်သာအဖြစ် အိမ်သာငါးလုံးလောက် ဆောက်လုပ်နိုင်လျှင် များစွာအဆင်ပြေသွား မှာပါပဲလို့ ကျောင်းရဲ့ အလိုအပ်ဆုံးအရာကို ပြောပြခဲ့ပါတယ်။ ကူညီသော လက်များအနေနဲ့ တကယ့်လိုအပ်ချက် ဟုတ်မဟုတ်ကို အသေအချာလေ့လာခဲ့ပြီး ဓါတ်ပုံ မှတ်တမ်းများလဲ ရယူခဲ့ပါတယ်။ ဖိုရမ်မန်ဘာများ၊ အလှူရှင်များအနေနဲ့ ပညာသိပ္ပံ ဘ/ကကျောင်းရဲ့ သန့်ရှင်းရေးအိမ်သာ ဆောက်လုပ်လှူဒါန်းခြင်း အလှူကို စိတ်ဝင်စားမယ်ဆိုရင်ဖြင့် ကူညီသောလက်များအဖွဲ့ကို ဆက်သွယ်လှူဒါန်း နိုင်ကြောင်း ကလေးများအကျိုးမျှော်လို့ နှိုးဆော်အပ်ပါတယ်။

အိမ်သာတစ်လုံးဆောက်လုပ်ရန် ကုန်ကျစရိတ် အသေးစိတ်ကို ဒီမှာ ကြည့်နိုင်ပါတယ်ရှင်။












MyinThar Myo Oo Library

မင်္ဂလာပါ..

အင်္ဂလိပ်စာ စာအုပ်များ၊ အခြားဗဟုသုတဖြစ်ဖွယ် စာအုပ်များကို လာရောက်လှူဒါန်းသွားတဲ့ မတင်ခိုင်လင်းကို များစွာကျေးဇူးတင်ပါတယ်။ စကာင်္ပူငွေ ၁၀၀(၈၇,၀၀၀ကျပ်)လှူတဲ့ Catherine ရဲ့ အလှူငွေကို ကျွန်မ ၆လပိုင်း မြင်သာမြို့ဦးမှာ လှူဒါန်းမယ့် ကွန်ပျူတာအလှူမှာ ထည့်လိုက်ပါမယ်။ အခုဆိုရင် ကွန်ပျူတာလှူဒါန်းဖို့ငွေ ကျပ်နှစ်သိန်း သုံးသောင်း နှစ်ထောင်တိတိ လက်ခံရရှိနေပြီဖြစ်ပါတယ်။

ကူညီသောလက်များအနေဖြင့် ၁၀.၂.၂၀၀၈ခုနေ့က နန်းဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ထမင်းစားဆောင်တစ်ခုနဲ့ ထမင်းစားခုံတန်းလျားများကို ရေစက်ချလှူဒါန်းပွဲပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီရက်က ကျွန်မမွေးနေ့နဲ့လည်း တိုက်ဆိုင်တာမို့ ကလေးများကို မုန့်ဟင်းခါးကျွေးရင်း ဖွင့်ပွဲပြုလုပ်ဖြစ်ခဲ့ပါတယ်။


ကူညီသောလက်များရဲ့ နှစ်ဦးအလှူအဖြစ် စိတ်ချမ်းမြေ့စွာ လှူဒါန်း ကုသိုယ်ယူပေးနိုင်တဲ့အတွက် အလှူရှင်များရဲ့ ကိုယ်စားလည်း အထူးပဲ ကျေးဇူးတင်ဝမ်းမြောက်ရပါတယ်။
စာအုပ်စာတမ်းများလှူဒါန်း လိုချင်လျှင်တော့ ကျွန်မနဲ့ဆက်သွယ်လှူဒါန်းလို့ရပါတယ်။ ကလေးငယ်များလည်း အခုစာမေးပွဲ မပြီးသေးတော့ အားလုံးစုပြီးမှ သွားရောက် လှူဒါန်းဖြစ်ပါမယ်။ အခုဆိုရင် ကျွန်မကို လှူဒါန်းဖို့ ဆက်သွယ်လာတဲ့သူတွေ ရှိလာပြီဖြစ်ပါတယ်။ ကလေးတွေစာမေးပွဲပြီးမယ့် မတ်လအကုန်မှာ စာကြည့်တိုက်လည်းဖွင့်ရင်း စာအုပ်လည်းတစ်ခါထဲ လှူရင်းဖြစ်အောင် အားလုံးကို စုဆောင်းပေးထားပါမယ်။
(ယဉ်ယဉ်ငြိမ်း)

National Day Activity

4 Dec 2007
မင်္ဂလာပါ

ကူညီသောက်လက်များ အဖွဲ့ဟာ ၄.၁၂.၂၀၀၇(အမျိုးသားနေ့)မှာ မြင်သာမြို့ဦးကျောင်းမှာရှိတဲ့ ပညာသင်ဆု ရရှိတဲ့ ကျောင်းသားများထဲက ထူးချွန်ကျောင်းသားများကို တနေ့တာလည်ပတ်ခြင်း အစီအစဉ်ဖြင့် ဂုဏ်ပြုလက်ဆောင်နေ့တနေ့ ပေးဖြစ်ခဲ့ပါတယ်။

ပညာသင်ထောက်ပံ့ကြေး ရရှိသူကျောင်းသား ၂၅ဦးထဲမှာ အဆင့်တစ်မှ ငါးအတွင်းရရှိတဲ့ သူများကို မိမိတို့နှစ်သက်ရာအစားအစာ၊ မိမိတို့လည်ပတ်လိုသောနေရာကို ချီးမြှင့်ဖို့ဂတိပြုထားဖြစ်ခဲ့ပါတယ်။ ဂတိပြုထားတဲ့ ကာလအတွင်းမှာပဲ အလှူရှင်တစ်ဦးကလည်းပေါ်လာခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရောက် မခိုင်ခိုင်တင့်နှင့် သူငယ်ချင်းတစ်စုမှာ ကလေးငယ်များအတွက် လိုအပ်ရာ လှူဒါန်းနိုင်ဖို့ ကူညီသောလက်များ အဖွဲ့ကို ကျပ်တစ်သိန်းနှစ်သောင်းငါးထောင်တိတိကို (၁၂၅,၀၀၀ ကျပ်)အစီအစဉ်လေး ရှိတဲ့အကြောင်း ပြောကြားတဲ့အခါမှ သင့်တော်သလိုသာ လှူပေးဖို့ သဘောတူညီခဲ့တာနဲ့ မခိုင်ခိုင်တင့်တို့၏ လှူဒါန်းမှု အစီအစဉ် အဖြစ် ကူညီသော လက်များက ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ကလေးငယ်၂၅ဦးထဲမှာ အဆင့်တစ်မှ ငါးအတွင်းရရှိသူ ၉ဦး ပေါ်ပေါက်ခဲ့ပါတယ်။ ထို့အပြင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒဘာသာရပ်တွေမှာ အမှတ်ပြည့်ရ ထူးချွန်ကျောင်းသား ၇ဦးရှိခဲ့ပါတယ်။ ထိုကလေးငယ် ၇ဦးကို သီးခြားထူးချွန်ဆုအဖြစ် သူတို့လိုချင်တဲ့ စာအုပ်စာတမ်းဆုအဖြစ် ချီးမြှင့်ခဲ့ပါတယ်။

ကျွန်မတို့ဟာ မြင်သာမြို့ဦးကျောင်းကနေ မနက်၁၁နာရီတိတိမှာ ထွက်ခွာခဲ့ကြပါတယ်။ ကျောင်းနားက ဘတ်စ်ကားဂိတ်ကနေ ပါရမီအဓိပတိကားရှိရာ ညောင်ပင်ကားဂိတ်ကို ဘတ်စ်ကားစီးလို့ သွားခဲ့ကြပါတယ်။ အဲဒီ နောက် ပါရမီအဓိပတိကားနဲ့ ပြည်လမ်းမှာရှိတဲ့ အမျိုးသားပြတိုက်ကို ရောက်ရှိခဲ့ကြပါတယ်။ အမျိုးသားပြတိုက် မှာ အချိန်၂နာရီပေးလို့ ကလေးငယ်များနဲ့အတူ ကြည့်ရှု လေ့လာမှတ်သားစရာများကို ကြည့်ရှုလေ့လာခဲ့ကြပါ တယ်။

နေ့လည် ၂နာရီမှာတော့ အမျိုးသားပြတိုက်မှ အငှားကား၂စီးနဲ့အတူ ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်ကို ရောက်ရှိခဲ့ကြပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ အချိန်တစ်နာရီကြာအောင် လှည့်ပတ်ကြည့်ရှု ဘုရားဖူးမျှော်ခဲ့ကြပါ တယ်။ အဲဒီနောက်မှာတော့ ရွှေတိဂုံဘုရားတောင်ဖက်မုဒ်က ဟက်ပီးဝေါကစားကွင်းကို ၀င်ခဲ့ကြပါတော့တယ်။ ကစားကွင်းကိုမ၀င်မီ ကလေးများအဆာပြေအဖြစ် အအေးနှင့်မုန့်များ ၀ယ်ကျွေးဖြစ်ခဲ့ပါတယ်။

ကလေးငယ်များ ပျော်ရွှင်စွာ ကြည့်ရှုကစားဖို့ မုန့်ဖိုးများအပြီး ကျွန်မလည်း သူတို့နည်းတူစွာ ပါဝင် ၀င်ရောက် ကစားဖြစ်ခဲ့ပါတော့တယ်။ ကစားကွင်းမှာ အချိန်၂နာရီပေးခဲ့ပေမယ့် ကလေးတို့ရဲ့ ပျော်ရွှင်စွာ ကစားချင်စိတ်ဟာ ရပ်တန့်လို့မရနိုင်ခဲ့လို့ အချိန်မိနစ်၂၀ထပ်ပေးခဲ့ရပါတယ်။

ညနေ၅နာရီခွဲမှာတော့ ကစားတာကို ရပ်တန့်ဖို့နှိုးဆော်ပြီး ညနေစာထမင်းကျွေးဖို့ ငွေတောင်တရုတ်စား သောက်ဆိုင်ကို အငှားကားနဲ့ ခေါ်ခဲ့ရပါတော့တယ်။ ငွေတောင်မှာထမင်းစားသောက်ပြီးချိန်မှာတော့ ကျွန်မတို့ ဟာ ငွေတောင်စားသောက်ဆိုင်ကနေ မြင်သာဘုန်းကြီးကျောင်းကို လမ်းလျှောက်ပြန်ခဲ့ကြပါတော့တယ်။

မြင်သာ ကျောင်းနဲ့ ငွေတောင်စားသောက်ဆိုင်ဟာ တစ်မှတ်တိုင်စာဝေးပါတယ်။ အပြန်လမ်းတစ်လျှောက် မှာတော့ သူတို့ ကစားခဲ့ပုံ ၊ ကစားကွင်းကနေပြန်လည်ရရှိလာတဲ့ အမှတ်တရပစ္စည်းဘယ်လိုရခဲ့ပုံ ၊ အမျိုးသားပြတိုက်မှ သူတို့အလွန်စိတ်ဝင်စားခဲ့သော တိုင်းရင်းသားလူမျိုးစုများ၏ ၀တ်စားဆင်ယင်မှုပြ ရုပ်တုများအကြောင်းကို ညံညံစည်စည်ပြောရင်း မြင်သာမြို့ဦးကျောင်းကို ည၇နာရီတိတိမှာ ပြန်လည်ရောက်ရှိ လာခဲ့ပါတော့တယ်ရှင်။

ကုန်ကျငွေအဖြစ် ကျပ်ရှစ်သောင်းလေးထောင်တိတိ(၈၄,၀၀၀ကျပ်) ဖြစ်ပြီး ကျန်ငွေ ကျပ်လေးသောင်း တစ်ထောင် (၄၁,၀၀၀ကျပ်) ဖြစ်ပါတယ်။
(ယဉ်ယဉ်ငြိမ်း)

Holiday activity

15 Sept 2007
မင်္ဂလာပါ....

ကူညီသောလက်များအနေနဲ့ ဖိုရမ်မန်ဘာများ၊ ဒီနှစ်ရဲ့အလှူရှင်များ သိထားတဲ့အတိုင်း ဒီနှစ်မှာ ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာသင်ဆုပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆက်လုပ်နေဖြစ်ပါတယ်။ အခုဆိုရင် ပညာသင်ထောက်ပံ့ကြေးနဲ့ပညာသင်ဆု ရထားတဲ့ကလေးတွေဟာ လပတ်စာမေးပွဲတွေ ဖြေနေကြရပါပြီ။ ပညာသင်ဆုပေးတဲ့သူကပေး လှူတဲ့သူကလှူနေတဲ့ အနေအထားလေးမှာ ကျွန်မတို့ ကူညီသောလက်များအဖွဲ့အနေနဲ့ကတော့ ပညာသင်ဆုရထားတဲ့ ကလေးတွေနဲ့ တစ်လတစ်ကြိမ် သွားရောက်တွေ့ဆုံပြီး သူတို့လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးလျှက်ရှိပါတယ်။

ပညာသင်ဆုရထားတဲ့ ကလေးတစ်ယောက်ဆိုရင် ဘာကျူရှင် ဘာဂိုက်မှမရှိဘဲ အဆင့်(၃)၀င်ခဲ့ပါတယ်။ အဲဒီကလေးကို ဆုချတဲ့အနေနဲ့ ချီးမြှောက်တဲ့အနေနဲ့ ကျွန်မတို့အဖွဲ့က သူ့ရဲ့အားလပ်ရက်မှာ ရန်ကုန်မြို့ ထဲကို အလည်အပတ်အဖြစ်ပို့ပေးဖြစ်ခဲ့ပါတယ်။ သူသွားချင်တဲ့နေရာ၊ သူစားချင်တဲ့အစားအစာကို သူ့စိတ်ကြိုက်ရွေးချယ်လို့ သမ္မတမှာ ရုပ်ရှင်ပြခြင်း၊ ဓနုဖြူဒေါ်စောရီ ထမင်းဆိုင်မှာ နေ့လည်စာကျွေးခြင်း၊ ဂျေဒိုးနတ်တွင် မုန့်နှင့်အအေးတိုက်ခြင်း၊ သူ့စိတ်ကြိုက်ပြင်ပစာပေ ရွေးချယ်ဝယ်ယူစေခြင်းတို့ကို အလှူဒါန ပြုနိုင်ခဲ့ပါတယ်။

အလှူရှင်ကတော့ ဒေါ်သက်စုဖြစ်ပါတယ်။ အဲဒီလိုပဲ အခြားကလေးငယ်များကိုလည်း အဆင့်၁၀အတွင်း ၀င်အောင်ကြိုးစားနိုင်လျှင် မိမိတို့အားလပ်ရက်မှာ မိမိတို့စိတ်ကြိုက်လည်ပတ်ခွင့်အဖြစ် ဆုချီးမြှင့်ရန်အတွက် လည်း ကလေးငယ်များကို အားပေးရင်း သူတို့အတွက် အခွင့်အလမ်းပေးခဲ့ဖြစ်ပါတယ်။

ဖိုရမ်မန်ဘာများအနေနဲ့ ဗော်လန်တီယာအဖြစ် ကျွန်မတို့အဖွဲ့နဲ့ မလှုပ်ရှားဖြစ်တဲ့ အနေအထားလေးမှာ ယခုကဲ့သို့ ကလေးငယ်များကို ဆုချီးမြှင့်ခြင်းအစီအစဉ်မှာ ပါဝင်လို့ လှုပ်ရှားမှုပြုနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်။

Scholarship Program II

မင်္ဂလာပါ

ကူညီသောလက်များအနေဖြင့် ယခုပညာသင်နှစ်ဖြစ်သော ၂၀၀၇-၈မှာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကလေးငယ်များကို ပညာသင်ထောက်ပံ့ကြေး ပညာသင်ဆုများကို အလှူရှင်များကိုယ်စား လှူဒါန်း ဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့နိုင်ပါတယ်။


ကူညီသောလက်များအနေဖြင့် ထိုလှူဒါန်းမှုဖြစ်မြောက်ရေးအတွက် အလှူရှင်၏ကိုယ်စား ကလေးငယ်များနှင့် တွေ့ဆုံခြင်း၊ ကျောင်းပညာရေးကော်မတီနှင့်တွေ့ဆုံခြင်း၊ ပညာသင်ထောက်ပံ့ကြေး ကျောင်းသား ရွေးချယ်ခြင်းများ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပညာသင် ထောက်ပံ့ကြေးပေးခြင်းရဲ့ အဓိကရွေးချယ်မှု အချက်ကတော့ (၁)မိဘမဲ့ (၂)အမိမဲ့ (၃)အဘမဲ့ (၄)ဆင်းရဲနွမ်းပါးဆိုပြီး ဦစားပေးအဆင့်နဲ့ ရွေးချယ်ခဲ့ပါတယ်။ ပညာသင်ဆုအနေနဲ့ကတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ထူးချွန်ကျောင်းသားကို အဓိကထား ရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်ပညာသင်နှစ်မှာ ပညာသင်ထောက်ပံ့ကြေး ရှိခဲ့တဲ့ ကျောင်းများကတော့ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ နန်းဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ကော့မှူးမြို့နယ်၊ ဆင်ခြံရွာမှာရှိတဲ့ အောင်ဇမ္ဗူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ဖြစ်ကြပါတယ်။

မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးငယ် ၂၅ ဦးကို ပြည်ပမှ အလှူရှင်တစ်ဦးက လှူဒါန်းတာဖြစ်ပါတယ်။ နန်းဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ခွန်ထွန်းကျော်(၈တန်း) ကိုတော့ မ၀င်းဝင်းခိုင်မှ လှူဒါန်းတာဖြစ်ပါတယ်။

အောင်ဇမ္ဗူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်တဲ့ မယုဇနလှိုင် (၁၀တန်း)ကိုတော့ ညီမငယ် ဂျူဝယ်လ်မှ လှူဒါန်းတာဖြစ်ပါတယ်။ ညီမငယ် ဂျူဝယ်လ်က ပညာသင်ထောက်ပံ့ကြေးနဲ့ အခြားလိုအပ်သော အလှူ လှူဒါန်းရန်အတွက် ကျပ်ငွေ ၂၅၆,၀၀၀ ကျပ်-လှူဒါန်း တာဖြစ်ပါတယ်။

ဂျူဝယ်လ်မှလှူဒါန်းငွေ ၂၅၆၀၀၀ကျပ်
ပညာသင်ထောက်ပံ့ကြေး(၂၀၀၇-၈ပညာသင် တစ်နှစ်စာ- ၁၀တန်း) ယုဇနလှိုင် ၂၁၀,၀၀၀ကျပ်
ပညာသင်ထောက်ပံ့ကြေး(ကျောင်းစတင်အပ်နှံခြင်း-၉တန်း) မောင်ဇော်မျိုးထွန်း ၃၀,၀၀၀ကျပ်
ဆန်တစ်အိန်(နန်းဦး ဘ/က ကျောင်း) ၁၆,၀၀၀ကျပ်

(ယဉ်ယဉ်ငြိမ်း)

Scholarship Program

13/May/2007
မင်္ဂလာပါရှင်.. ကူညီသောလက်များအဖွဲ့အနေနဲ့ ကလေးငယ်များအတွက် နှစ်စဉ်ကျောင်းဖွင့်ချိန်မှာ တခုခု ကူညီလှူဒါန်းတဲ့ အချိန်ရောက်လို့လာပြန်ပါပြီရှင်။ ၂၀၀၆ခုနှစ်အနေနဲ့ ဘ/ကကျောင်း(၂)ကျောင်းနဲ့ ဂေဟာ(၂)ခုမှ ကလေးငယ်များ အတွက် ကျောင်းသုံးစာရေးကိရိယာအပြည့်အစုံကို ဖိုရမ်မှ မိတ်ဆွေသူငယ်ချင်းများနဲ့ ပြင်ပလောကမှ မိတ်ဆွေများရဲ့ ကောင်းမှုနဲ့ လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။

အခု ၂၀၀၇ခုနှစ်အနေနဲ့ ကူညီသောလက်များအဖွဲ့မှ ဘ/ကကျောင်း မှ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါး ကလေးငယ်များအတွက် ပညာသင်ဆုပေးအပ်ခြင်းအစီအစဉ်နဲ့ ကလေးငယ်များ စာသင်ကြားမှုနေသော ကျောင်းဆောင်ပြင်ဆင်ခြင်းလုပ်ငန်း နှစ်ခုကို တာဝန်ခံ လှူဒါန်းမှုပြုပေးဖို့ အစီအစဉ်လေးရှိပါတယ်ရှင်။

ပထမအစီအစဉ်ဖြစ်တဲ့ ပညာသင်ဆုပေးခြင်းအစီအစဉ်အဖြစ် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် စာသင် ကျောင်းမှ ကလေးငယ် ၂၅ဦးဟာ ၂၀၀၇ခုနှစ်အတွက် ပညာသင်ဆုလက်ခံရရှိဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အလှူရှင်မှ ၂၅ဦးစာ လှူဒါန်းဖို့ ရာထားပြီးဖြစ်ပါတယ်။ နောက်တစ်ကျောင်းကတော့ နန်းဦးဘ/ကကျောင်းမှ ကျောင်းသား(၂)ဦးကို မြန်မာပြည်တွင်အလှူရှင်တစ်ဦးမှ ထူးချွန်ကျောင်းသား(၂)ဦးအဖြစ် ပညာသင် ဆုပေးမှာဖြစ်ပါတယ်။

ပညာသင်ဆုပေးခြင်းကိစ္စနှင့်ပတ်သက်လို့ စိတ်ဝင်စားလှူဒါန်းလိုပါက ကူညီသောလက်များအဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ဒုတိယအစီအစဉ်အဖြစ် လှူဒါန်းဖို့ရှိတာကတော့ နန်းဦးဘ/ကကျောင်းမှ ကလေးငယ်များရဲ့ စာသင်ကျောင်းဆောင်ကို ပြုပြင်ဖို့ပါပဲ။ နန်းဦးကျောင်းရဲ့ စာသင်ဆောင်ဟာ ဓနိမိုး၊ထရံကာ၊အုတ်ခဲခင်း စာသင်ဆောင်ဖြစ်ပါတယ်။ နှစ်စဉ်စာသင်နှစ်စတိုင်း အဆောက်အဦးကို ပြင်ဆင်ခြင်းပြုလုပ်ရပါတယ်။

ယခုနှစ်ပိုင်းမှာတော့ ဓနိမိုးဖြစ်တဲ့အပြင် မေလဆန်းပိုင်းမှာ ရွာလိုက်တဲ့မိုးကြောင့် ထရံအနေအထားများပါ ပြန်ပြင်ဆင်ရန်လိုအပ်တယ်ဆိုတာ သိရပါတယ်။ ကျွန်မတို့ ကူညီသောလက်များအဖွဲ့အနေနဲ့က ဓနိမိုးအတွက် တာဝန်ယူလှူဒါန်းဖို့ စီစဉ်ရာကနေ ယခုပြင်ဆင်ဆောက်လုပ်နေသော ကျောင်းဆောင်လိုအပ်ချက်များကိုပါ အလှူရှင်များစိတ်ဝင်စားလျှင်လှူဒါန်းနိုင်ဖို့ အသိပေးနှိုးဆော်အပ်ခြင်းဖြစ်ပါတယ်။

ဓနိမိုးရန်အတွက် ဓနိဖိုးလိုအပ်အလှူငွေကတော့ ကျပ်တစ်သိန်းငါးသောင်း(၁၅၀,၀၀၀ကျပ်-)ဖြစ်ပါတယ်။ ကျန်သောအဆောက်အဦးလှူဒါန်းလိုချင်လျှင် မိမိတို့ သဒ္ဒါတတ်အားသ၍ မိမိတို့ပါဝင်နိုင်သ၍ လှူဒါန်းနိုင်ပါတယ်ဆိုတာကို ကလေးများအကျိုးမျှော်လို့ နှိုးဆော်အပ်ပါတယ်ရှင်။

နန်းဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖိုးခေါင်လမ်းနှင့် သစ္စာလမ်းဒေါင့် တောင်ဥက္တလာဘုရားအနီး တောင်ဥက္တလာမြို့နယ်ရန်ကုန်မြို့။ သို့ ဆက်သွယ်လှူဒါန်းနိုင်သလို ကူညီသောလက်များအဖွဲ့မှ အဖွဲ့သားများကိုလည်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်ရှင်။
(ယဉ်ယဉ်ငြိမ်း)

Nan Oo Monastic School - Bed Set Donation Day

11/Feb/2007
အိပ်ယာတစ်စုံစာ လှူတဲ့နေ့ မနက်မှာ အစ်မကြီးမယဉ်ငြိမ်းရယ်၊ အစ်မကြီးရဲ့ ပါရမီဖြည့်ဖက်ကြီးရယ် ကျနော်ရယ် မနက်(၇)နာရီကတည်းက ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ဖျာတွေကို အပ်ထားတဲဆီမှာ သွားယူပါတယ်။ ဒေါ်တင်ခိုင်လင်းနဲ့ အခြား အဖွဲ့ဝင်များကတော့ ဗော်လန်တီယာများနဲ့ အလှူရှင်များကို စုံရပ်ဖြစ်တဲ့ လမ်းဝမှတ်တိုင်ကနေ ဘုန်းကြီးကျောင်းကို ခေါ်လာဖို့ တာဝန်ယူထားပါတယ်။ နောက်ဆုံး ဖျာတွေသွားယူတဲ့နေရာမှာ ခေါင်းအုံးတွေ ရောင်းမယ်မှတ်လို့ဆိုပြီး လာမေးတဲ့လူက ရှိသေးတယ်။

အဲလိုနဲ့ ကျနော်တို့ ဘုန်းကြီးကျောင်းကို ရောက်၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်တွေကို တစ်ယောက်စာ စီထပ်ပြီး အခြားအဖွဲ့ဝင်များကိုလည်း စောင့်ရင်း ၀ါးတီးသွားပါတယ်။ ကလေးအားလုံးကို ကျနော်တို့ ပြင်ထားတဲ့ ကျောင်းပေါ်မှာ စုခိုင်းပြီး ရေတွက်ကြည့်တဲ့အခါ ကျနော်တို့မှာရှိတဲ့ လူစာရင်းနဲ့က ကွာနေပါလေရော။ အဲဒီ လူစာရင်းကလည်း ဘုန်းကြီးဆီက ခဏခဏ တောင်းလိုက် အခေါက်တိုင်း မတူလိုက် ဖြစ်နေတဲ့ စာရင်း။ ကဲ ကျုတ်ကျက်လိကြရမှာပဲဆိုပြီး အရင်ဆုံး အတန်းလိုက် ကလေးတွေကို ထိုင်ခိုင်းလိုက်ပါတယ်။ အကြံအစည်က ကလေးအငယ်တွေကို ဦးစားပေး ပေးမယ်ပေါ့။

ဟဲ..ဟဲ...အသက်၁၅နှစ်ရှိတဲ့ သူငယ်တန်းကျောင်းသားရှိမယ်ဆိုတာ ကျနော်တို့ ခေါင်းထဲမှာ လုံးဝမရှိဘူး။ နောက်ဆုံးမတော့ အစ်မကြီးက အတန်းအလိုက် ကလေးတွေကို ရွေးထုတ်ပေး ဒါကို မတင်ခိုင်လင်းနဲ့ ကျနော်က နာမည်မေး အတန်းမေး...သူတို့ဆီမှာရှိတဲ့ အဟောင်းတွေကိုသိမ်း အသစ်တစ်စုံကိုပေး၊ အသစ်ရပြီးသား ကလေးစာရင်းကိုမှတ်၊ မရသေးတဲ့ လူစာရင်းကိုမှတ် စတာတွေကို ဗော်လန်တီယာများ အကူအညီနဲ့ လုပ်ပါတယ်။ အဲလိုနဲ့ နောက်ဆုံးမှာမှ ကျောင်းမှာ တကယ်နေထိုင်တဲ့ ကလေးစာရင်းကို ရပါတော့တယ်။ အဲဒီနောက် အစီအစဉ်အတိုင်း ကလေးတွေကို အဖွဲ့ ၅ဖွဲ့ ခွဲ၊ အဖွဲ့ ခေါင်းဆောင်ရွေး စတာတွေကို ဆက်လုပ်ပါတယ်။

အဖွဲ့၅ဖွဲ့ ခွဲပေးရတာကတော့ ကျောင်းသန့်ရှင်းရေး၊ ချက်ပြုတ်ရေးစတာတွေကို တာဝန်သိသိ လုပ်ကြစေချင်တာရယ်၊ အငယ်လေးတွေကို အကြီးက ပြန်ကြည့်စေချင်တာရယ် စတာတွေကြောင့်ပါ။ ၁၁နာရီခွဲလောက်မှာတော့ အစီအစဉ်တွေအားလုံးပြီး အစ်မကြီးကျွေးတဲ့ နေ့လည်စာစားပြီးတဲ့နောက် ပြန်ဖို့ စီစဉ်ကြပါတယ်။ ဘုန်းကြီးက ကျောင်းအပ်ပြီး ရေစက်ချဦး ဆိုတာကို မလုပ်တော့ဘူး ဘုရားဆိုပြီး အတင်းငြင်း၊ ကျောင်းကို အပ်ပါတယ် ဘုရားဆိုတာကို မတ်တတ်ရပ်ရင်းနဲ့လျောက်။ အင်း ဘုန်းကြီးကတော့ ဘယ်လိုဟာတွေတုံးလို့ ထင်လိမ့်မယ်။

အပြန်လမ်းမှာလည်း တ၀ါးဝါးနဲ့ရယ်။ ကလေးတွေဆီက သိမ်းလာတဲ့ အဟောင်းတွေကို ပြစ်ဖို့ အမှိုက်ပုံနားအရောက် ကျနော်ဆိုတဲ့ ကျနော်က အဲဒီ အချိန်ကြမှ ဦးထုပ်ကောက်ဆောင်းလိုက်တော့ သက်စုတို့က ဒါတွေ လုပ်စားနေကြဆိုပြီး တ၀ါးဝါးနဲ့ပေါ့။ ကျနော်တို့မှာ အမိုးမပါ အကာမပါတဲ့ တောင်းအေ့ပစ်ကပ်ပေါ်မှာ နေပူအလှမ်းခံပြီး ထိုင်လာရတဲ့ကြားထဲ ဘာတဲ့ဗျာ ကျောင်းကားကြိုပို့ဘာညာ မှတ်ပုံတင်မထားတဲ့ကားဆို လူနှစ်ယောက်ထက် ပိုမစီးရဆိုပြီး ကိုကို ထုံးပေသီးများရဲ့ သြ၀ါဒပေးခြင်းကိုလည်း ခံယူရပြန်ပါသေးတယ်။

အလှူရှင်များက လှူလို့၊ဗော်လန်တီယာများက ကူညီလို့ ဒီအလှူ အထမြောက်ခဲ့တာပါ။ အဲဒီအတွက် အလှူရှင်များနဲ့ ဗော်လန်တီယာများ အားလုံးကို နန်းဦးကျောင်း ကလေးများကိုယ်စား ကူညီသောလက်များမှ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကိုယ်တိုင်မလှူနိုင်၊ဗော်လန်တီယာ မလိုက်နိုင်သော်လည်း နီးစပ်ရာ နီးစပ်ရာများကို ပြောပြပေးတဲ့ ဖိုရမ်မှ လူများကိုလည်း ကျေးဇူးတင်ကြောင်းပါ။

လှူရင်းက လိုတာတွေ..တွေ့လိုအပ်တာတွေ ထပ်တွေ့တော့ .. ထပ်ဖြည့်ဆည်းပေးချင်တဲ့. .. အခါမှာ
အ၀တ်အစား၊ စောင်၊ ခြင်ထောင် တွေ လျှော်ဖွတ်ဖို့ ဆပ်ပြာမှုန့် တွေ နဲ့ဒေါ်သက်စု စာရင်းပြုစုထားတဲ့ ၀ဲ ကျော် စာရင်းအတွက် ၀ဲသတ် မယ့် ပရောဂျက်အတွက် ဆေး များ ထားရန၊် သော့ခတ် သိမ်းလို့ရမယ့် ဗီဒိုတစ်လုံးလောက် လိုတယ်လို့ အမကြီးမယဉ်ငြိမ်းက ထင်မြင်ယူဆကာ ဗီဒို တစ်လုံးအလှူခံ ပါတယ်။ အမကြီးမယဉ်ငြိမ်းနဲ့ သက်စု ပြည်ထောင်စုနေ့မှာ တွေ့ပြီး ဗီဒို သွားကြည့်ဈေးမေးခဲ့ပြီး ဆက်သွယ်အလှူခံရမှာ ကျွန်မတို့ရဲ့ အလှူရှင် တစ်ဦးလဲ ဖြစ်သူ ဦးရင်စိန် ရဲ့မိတ်ဆွေ (ဦးခင်မောင်မောင် + ဒေါ်မြမြ) တို့က ဗီဒို တောင့်တောင့်ခိုင်ခိုင် တစ်လုံး ၁၅၀၀၀၀( တစ်သိန်းခွဲ) တန်ကို လှူဒါန်းသွားပါတယ်ရှင်။
(သက်စု)

Nan Oo Monastic School - Bed Set Donation Day (1)

11 FEB 2007
၁၁၊ ဖေဖေါ်ဝါရီ ၂၀၀၇ ခု နေ့ နန်းဦး ပရဟိတ ဂေဟာ နှင့် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းမှာ ကူညီသောလက်များအဖွဲ့ရဲ့ စုစည်း လှူဒါန်းဖြစ်ခဲ့တဲ့ အိပ်ယာနှင့် စားသောက်ကုန်ခြောက် အလှူပွဲကတော့ ဒီလိုပါ။

မနက် ၇ နာရီမှာကတည်းက အမကြီး မယဉ်ငြိမ်းနဲ့ သူမ အမျိုးသား ကိုကောမက်၊ ဒေါ်သက်စု တို့က ဒိုင်နာ ပုံ ပစ်က်အပ် ကားတစ်စီး ငှားကာ.. လှူဒါန်းမယ့် ပစ္စည်းတွေ ဖြစ်တဲ့ ခေါင်းအုံး၊ ခြင်ထောင်၊ ဖျာများ လှည့်လည် ယူခြင်းကို တာဝန်ယူပြီး ဘုန်းကြီးကျောင်းကို ပို့နှင့်ပါတယ်။


ကျွန်မ တင်ခိုင်လင်းကတော့ မနက် ၉ နာရီမှာ မြောက်ဥက္ကလာ လမ်းဝမှတ်တိုင်မှာ ချိန်းချက် ထားတဲ့ ဗော်လန်တီယာ နဲ့ မန်ဘာ အဖွဲ့ကို သွားရောက် ဆုံတွေ့ ခေါ်ယူပါတယ်။ ကျွန်မတို့ အမ်အိုင်တီ ရုံးမှ ဗော်လန်တီယာ ၆ ဦးနဲ့ ဖိုရမ် မန်ဘာတွေ ဖြစ်သူ ကို observer နှင့် သူ့သူငယ်ချင်း (သူလဲ ဖို၇မ် မန်ဘာပါပဲ..ဟိ နစ်ခ်မေ့နေတယ်) နောက် သူတို့ သူငယ်ချင်းမလေး တစ်ဦး စုစုပေါင်း ၉ ဦး ရယ်၊ ကူညီသောလက်များ အဖွဲ့ဝင် မအေးမီမီထွန်း နဲ့ သူ့မ ညီမ ဗော်လန်တီယာ တစ်ဦးရယ်ကို ကျွန်မ က ဘုန်းကြီးကျောင်းသို့ ကြိုဆို ခေါ်ယူသွားပေးပါတယ်။

မန်ဘာ တစ်ဦးဖြစ်တဲ့ ကိုနေနေလွှမ်းမိုး သူက တော့ ကျွန်မတို့ အဖွဲ့ရဲ့ ပင်တိုင်အလှူ ရှင်တစ်ဦးဖြစ်သူ ယခုလဲ နန်းဦးကျောင်းမှာလည်း အိပ်ယာတွေခင်းဖို့ အခံ ဖုယောင်းပုဆိုး ၂၅၀,၀၀၀ (နှစ်သိန်း ငါးသောင်းဖိုး) ၀ယ်ယူ လှူဒါန်းထားသူ ဦးဇော်လတ် နှင့် အဖွဲ့ဝင်မန်ဘာ တစ်ဦးဖြစ်သူ ကိုမောင်မောင်နေမင်း ကို စောင့်ပြီးခေါ် ခဲ့ပါတယ်။

ကျွန်မတို့ ကျောင်းကို ရောက်တော့ အမကြီး မယဉ်ငြိမ်းတို့၊ မရွှေသက်စု တို့ ရောက်နှင့် နေပါပြီ။ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ ဖျာများ စီတန်းထားပါတယ်။ ကျွန်မတို့နဲ့ ဗော်လန်တီယာ အဖွဲ့များရောက်တာနဲ့.. ကလေးတွေကို တန်းစီသူတို့ ဆီမယ်ရှိတဲ့ အဟောင်းများကို တစ်ပါထဲ သယ်လာခိုင်းပြီး ကျွန်မနဲ့.. ကိုနေနေလွှမ်းမိုးရဲ့ အမျိုးသမီး၊ သက်စုတို့က အမကြီးမယဉ်ငြိမ်း ရွေးချယ် စီစစ်ပေးလိုက်တဲ့ ကလေးများကို စာရင်းမှတ်၊ တိုက်၊ ပြီး အဟောင်းပေး အသစ်ယူ စာရင်းလုပ်ပါတယ်။ ဗော်လန်တီယာများက အဖွဲ့ခွဲပြီး၊ အဟောင်းကို သိမ်း (အဟောင်းသိမ်းတာမှာ ပြန်သုံးနဲ့ လွှင့်ပစ်) ခွဲပါတယ်။ နောက်တစ်ဖွဲ့က အသစ်တစ်စုံ ပေးပါတယ်။ နောက်တစ်ဖွဲ့က တစ်နေရာမှာ ပြန်စီ ထိုင်ခိုင်းထားပါတယ်။ စုစုပေါင်း ၇၁ စုံအားလုံး ဝေအပြီးမှာ. ကလေးကြီး (အသက် ၁၅-၁၆) တွေ ၃၁ ဦးကျန်တာတွေ့ရပါတယ်။

တစ်ကယ်တော့ အဟောင်းတွေထဲက တော်တော်ကောင်းတာတွေ ကို ကျွန်မတို့က ဆပ်ပြာမှုန့် ထုတ်ပေးပြီးလျှော်ခိုင်း ပြန်သုံးရမှာပါ။ မရလိုက်ဘဲ ကျန်တဲ့ကလေးကြီးတွေက မျက်နှာငယ်ငယ်တစ်ချို့ကို တွေ့လိုက်ရတဲ့.. ကျွန်မတို့ရဲ့ အမာခံ အလှူရှင်ကြီး ဦးဇော်လတ်လဲ.. မနေနိုင်တော့ဘဲ.. မရလိုက်ဘဲ ကျန်ခဲ့တဲ့ ကလေး ၃၁ ဦးစာ လုံးအတွက် အိပ်ယာအသစ် ကို သူပဲ တစ်လုံးတဲတစ်ခဲတည်း လှူပါမယ်လို့ ပြောသွားပါတယ်။

အဲ့ဒီအတွက် ကူညီသောလက်များအဖွဲ့မှ ဦးဇော်လတ်ကို အထူးကျေးဇူးတင်ရှိစွာနဲ့ နောက်ထပ် ၃၁ ဦးစာ စီစဉ်ဆောင်ရွက်နေပါတယ်။ နောက် ၂ ပတ်နေရင် သွားထပ် လှူဒါန်းပေးမှာပါ။ နောက် အိပ်ယာ အသစ်ကလေးတွေနဲ့ ပျော်ရွှင်ကြည်နူးနေကြတဲ့ကလေးငယ်တွေကို စီတန်းထားပြီး အမကြီးမယဉ်ငြိမ်းက ဒီအိပ်ယာလေးတွေကို စည်းကမ်းတရှိ တရိုတသေထားဖို့..။ အခုလိုလှူဒါန်းပေးသူများအားလုံးဟာ ငွေတွေ ပေါများချမ်းသာ ကြယ်ဝလွန်းလို့ မဟုတ်ဘဲ မိမိ ၀င်ငွေထဲကနေ မသုံးမဖြုန်းရက်ဘဲ စိတ်ပိုင်းဖြတ် လှူဒါန်းပေးတာမို့ တန်ဖိုးထား မြတ်နိုးဖို့ စတဲ့.. စတဲ့ ဆုံးမ စကားတွေကို ပြောကြားပါတယ်။


ကလေးငယ်များအတွက် အိပ်ယာများကို စုစုစည်းစည်း စနစ်တကျ သိမ်းဆည်းရန်အတွက် အထပ်သား နဲ့ သစ်များဝယ်ကာ ၃ ဆင့် စင် ကျယ် နှစ်ခု ရိုက်ပြီး လှူဒါန်းဦးမှာပါ။ အဲ့ဒီအတွက်လဲ အလှူရှင် ရထားပြီးပါပြီရှင်။ အခုလော လောဆယ် လက်သမားတွက်ချက်ထားပြီး အကြမ်းဖျင်း ကုန်ကျစရိတ် တွက်လို့ရတာနဲ့ စလုပ်မှာပါ။

လှူဒါန်းမှုအားလုံးအပြီးမှာ နောက်ပိုင်း အက်တီဗတီများ ဆောင်ရွက်ရန်၊ သန့်ရှင်းရေးကိစ္စများ တာဝန် ချထားရန် အဖွဲ့ ငယ် ၅ ဖွဲ့ကို အသက်အရွယ်မျှအောင် အဖွဲ့ခွဲတဲ့အလုပ်ကို ဗော်လန်တီယာများ အကူအညီဖြင့် ကျွန်မနဲ့သက်စု တို့က ခွဲပါတယ်။ တော်တော်လေး မှတ်ရခက်တဲ့ ရှမ်းတိုင်းရင်းသားတွေက တော်တော်များပါတယ်။

ကလေး ၁၀၀ ကျော်မှာ မြန်မာ စစ်စစ်က ၅ ယောက်လောက်သာပါပါတယ်.. ကျန်တာတော့ ပအိုဝ့်၊ ပလောင်၊ ရှမ်းတွေချည်း သာဖြစ်ပါတယ်။ အေ၊ဘီ၊စီ၊ဒီ၊အီး အဖွဲ့ ၅ ဖွဲ့ခွဲပေးခဲ့ပြီး နောက်ပိုင်း မှာ ဆက်လက် ဆောင်ရွက် ပေးရန်ရှိသည်များကို ကလေးငယ်များအဖွဲ့အလိုက်.. တာဝန်ချထားခြင်း၊ ဆုပေးခြင်း၊ ဒဏ်ပေးခြင်း စတဲ့ စနစ်များ ပြုလုပ်သွားမှာဖြစ်ပါတယ်။

၎င်းနောက်မှာ ဘုန်းကြီးများကို ဆွမ်းကပ်ပါတယ်။ အဲ့ဒီနေ့က အမကြီးမယဉ်ငြိမ်းက သူ့မွေးနေ့အတွက် ထမင်းကျွေးလှူဒါန်းပါတယ်။ ကလေးငယ်များ၊ ဘုန်းကြီးအားလုံး၊ မန်ဘာ ဗော်လန်တီယာများပါ။ အဲ့ဒီအလှူထဲမှာ ဒီဖိုရမ်က ကုန်ခြောက်ဝယ်ယူလှူဒါန်းခဲ့တဲ့ မပီစပရစ်တို့၊ နေနေသူငယ်ချင်း စုစုတို့ ကိုမျိုးကျော်ထွန်းတို့ လှူဒါန်းပေးထားတဲ့ ထဲက ငါးခြောက် တစ်ချို့ကို ထောင်းကြော်..အစပ်ကြော်..ဟင်းခွက် များကို ထည့်လှူထားပါတယ်။ ကုသိုလ်များကို အမျှပေးပါတယ်။..အမျှ..အမျှ..အမျှ..ယူတော်မူကြပါ။ သာဓု..သာဓု.. သာဓု..
(တင်ခိုင်လင်း)

Nan Oo Monastic School - Current Projects

24 JAN 2007

နန်းဦးပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက် .. ကူညီသောလက်များမှ အလှူရှင်များ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ

၁ ။ ကူညီသောလက်များအဖွဲ့မှ နန်းဦးကျောင်း၏ အဓိက လိုအပ်ချက်ဖြစ်လျက်ရှိသော. နေရာထိုင်ခင်းများကို လိုက်လံလေ့လာရာတွင်.. ကလေးငယ်များ .. စာသင်ဆောင်၊ အိပ်ဆောင်၊ ထမင်းစားဆောင်အဖြစ် အသုံးပြု နေသော အဆောင်တစ်ခု ၏ အနောက်ဘက်အခြမ်း တစ်ခုလုံးမှာ ပျက်စီးယိုယွင်း နေလျက်ရှိပြီး ပိုးစား ခြကိုက်ထားခြင်းများ ကျောင်းတိုင်များ ဆွေး၍ ပြတ်လု ပြတ်ခင် ဖြစ်နေသည်များ၊ လှေကားယိုယွင်း နေသည်များ၊ မလိုအပ်သော ပစ္စည်းများကို စုပုံ ထားသည့် ဂိုဒေါင်သဖွယ် အခန်းမှ ခြင်၊ ပိုးကောင်များ ပုန်းအောင်းခိုမှီး နေမှုများကို တွေ့ရှိခဲ့ရပါသည်။


သို့ပါသောကြောင့် ကူညီသော လက်များအဖွဲ့၏ အလှူရှင် မစ္စတာ ယာမာမိုတို ၏ လှူဒါန်းမှုဖြင့် ၄င်း ပျက်စီးယိုယွင်း နေသော ကျောင်းဆောင် တစ်ခြမ်းကို ဖျက်၍ ပြုပြင်ခြင်း၊ တိုင်လုံးများလဲလှည်ခြင်း၊ လှေကားများပြင်ဆင်ခြင်း၊ မလိုအပ်သော အခန်းများဖျက်၍၊ ကလေးများ လုံလောက်သည့် အိပ်စက်ရာနေရာရ ရန်အတွက် အခန်းများ ပြန်လည် ဖွဲ့စည်းခြင်း၊ ရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို လက်သမားများ ခေါ်ယူ၍ လုပ်ဆောင်ပေးနေပါသည်။ ပရောဂျက် ပြီးစီးမည့် ခန့်မှန်းရက်မှာ.. လာမည့် တနင်္ဂနွေ ၂၈၊ ၀၁၊၂၀၀၇ ဖြစ်ပါသည်။ ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်ငွေ ၁,၅၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်း) ဖြစ်ပြီး။ ၄င်းငွေကို...မစ္စတာ ယာမာမိုတို မှ တစ်လုံးတခဲထံ ပေးလှူခဲ့ပါသည်။

နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက်..ကူညီသော လက်များမှ အလှူရှင်များ အကူအညီဖြင့်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ (၂)

၂။ အမှတ် ၂ ပရောဂျက် အနေဖြင့်၊ ကလေးငယ်များအားလုံး တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရေချိုးရန် နေရာ တစ်ခု သတ်သတ်မှတ်မှတ် ဖြင့် ရေချိုးဆောင် တစ်ခု ဆောက်လုပ်ပေးရန် အတွက်၊ ပန်းရံ လက်သမားများဖြင့် နေရာရှင်း တွက်ချက် ခဲ့ရာ ကျပ်ငွေ ခြောက်သိန်း ခန့် ကုန်ကျ မည်ဟု သိခဲ့ရပါသည်။ သို့ပါသောကြောင့် အလှူရှင် ရှာဖွေခဲ့ရာတွင် ကူညီသောလက်များ အဖွဲ့အား ပင်တိုင် လှူဒါန်းပေးခဲ့သော အလှူရှင် တစ်ဦးဖြစ်သူ (သီဟရာဇာ ကုမ္ပဏီလိမိတက်) မှ ကျပ်ငွေ ၆ သိန်းကို တစ်လုံးတခဲထဲ လှူဒါန်းပေး ခဲ့ပါသည်။ ၄င်း ပရောဂျက် ပြီးဆုံးမည့် ခန့်မှန်းရက်မှာ ဇန်န၀ါရီ လကုန် ဖြစ်ပါသည်။

ရေကန် အတိုင်းအထွာမှာ = ၆ ပေ - ၁၂ ပေဖြစ်ပြီး အမြင့် သုံးပေခန့်ရှိပါမည်။ ရေချိုးဆောင် အား.. သံမံသလင်းခင်း..သွပ်မိုးဆောင်၊ ဘေး သံဇကာ ကာ မည်ဖြစ်ပြီး ၄င်း၏ အတိုင်းမှာ အလျား၂၅ပေ၊ အနံ၁၅ပေ ဖြစ်ပါသည်။

Nan Oo Monastic School - Information for Potential Donors

အလှူရှင်များ ဖိတ်ခေါ်ခြင်း (24/Jan/2007)- နေ့စဉ်စားသောက်စရိတ်အတွက် ဆန် နှင့် စားစရာ လိုအပ်ချက်

နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာလိပ်စာ.. အမှတ် (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - ၆၅၃၂၈၈နာယက ဆရာတော်ကြီး ဘွဲ့အမည် - ဦးဓမ္မသေဌတာဝန်ခံဦးပဇင်း ဘွဲ့အမည် - ဦးဇောတိက

နန်းဦးပရဟိတ လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသည် မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာတံတားအနီးတွင် တည်ရှိပြီး မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးရ်ျ ပညာသင်ကြားနိုင်စွမ်းမရှိသော ကလေးသူငယ်လူငယ် ၁၈၅ ကျော်အား ပြုစုစောင့်ရှောက် ပညာသင်ကြားပေးနေသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

၂၀၀၆-၂၀၀၇ စာသင်နှစ်အတွက် ကျောင်းနေ မူလတန်းကျောင်းသားများနှင့် ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါး ကလေးသူငယ်များ စုစုပေါင်း ၁၈၅ ယောက် အား မူလတန်း ပညာကို ကျောင်းတွင်သင်ကြားပေးလျက်ရှိပြီး ကျောင်းနေ အလယ်တန်း၊ အထက်တန်းကလေးများအား အစိုးရကျောင်းများသို့ အပ်နှံပညာသင်ယူစေလျက် ရှိကြောင်းသိရှိရပါသည်။

ကူညီသောလက်များအဖွဲ့မှ သွားရောက်လေ့လာခဲ့စဉ်က တာဝန်ခံဘုန်းတော်ကြီး ဦးဇောတိက ပြောပြချက်အရ၊ ဆန်လုံလောက်မှုမရှိသည့်အပြင် စားရေးသောက်ရေး ကြပ်တည်းနေကြောင်းသိရှိခဲ့ရပါသည်။
ကလေးများ၏ တစ်ဝက်ခန့်မှာ ကိုရင်ဝတ်နှင့်ဖြစ်ပါသည်။ ကိုရင်ဝတ်နှင့် ဦးပဇင်းများမှ ဆွမ်းခံထွက်၍ ပါလာ သော ဆွမ်းဟင်းများကို ရောကျိုသော ဟင်းရည်ကို အားလုံးမျှတစားကြရသည် ဟု သိရသည်။

ကူညီသောလက်များအဖွဲ့မှ အလှူရှင်ရှာဖွေရာ ဆန်အိတ် ၄ အိတ်အလှူရှင် ကိုရာဇာမိသားစုနှင့် စုပေါင်း အလှူရှင်များလှူဒါန်းသော ဆန်အိတ် ၁ အိတ်၊ ပေါင်း ၅အိတ် ကို အလှူရှင်များနှင့်အတူ သွားရောက် လှူဒါန်းပေးခဲ့သည်။ အလှူရှင်မိသားစုမှ ကုလားပဲများနှင့် ဆီတစ်ပုံး ပါ ထပ်မံလှူဒါန်းခဲ့ပါသည်။နောက်ထပ် ကျွန်မတင်ခိုင်လင်း မိသားစု မှ ဆန်အိပ် ၄ အိပ် လှူဒါန်းပေးခဲ့ပါသည်။

နန်းဦးကျောင်းတွင် ပင်တိုင်အလှူရှင်မရှိသဖြင့် တခါတရံ ဆန်အခက်အခဲကြုံတွေ့ရပါက၊ ဘုန်းတော်ကြီး များအား လာရောက်လှူဒါန်းထားသော ကထိန်သင်္ကန်း၊ ၀ါဆိုသင်္ကန်းများအား ရောင်းချရ်ျ ကလေးများ၏ စားဝတ်နေရေး ဖြေရှင်းပေးရလေ့ရှိကြောင်း သိရှိခဲ့ရပါသည်။ ကလေးအယောက် ၁၅၀ ကျော်အတွက် တစ်နေ့လျင် ဆန်တစ်အိတ်နီးပါး ကုန်ကျလျက်ရှိပြီး တစ်လတာအတွက် ဆန်အိတ် ၃၀ လိုအပ်ကြောင်း သိရှိရပါသည်။

ဆန်တစ်အိတ်လျင် ကျပ် ၁၈,၀၀၀ နှုန်းခန့် နှင့် တလတာအတွက် ငွေကျပ် ၅၄၀,၀၀၀ (ကျပ် ငါးသိန်း လေးသောင်း) ခန့် လိုအပ်မည်ဖြစ်ပါသည်။ ကျောင်းဆက်လက်ရပ်တည်နှိုင်ရေးအတွက် လစဉ် ပုံမှန် ဆန်အိတ် အချို့ဖြစ်စေ၊ ဆန်ဖိုးငွေ တစိတ်တပိုင်းဖြစ်စေ၊ ကုန်ခြောက်ပစည်းများဖြစ်စေ၊ ထောက်ပံ့ပေးနိုင်မည့် အလှူရှင်များ လိုအပ် လျက်ရှိပါသည်။


အလှူရှင်များ ဖိတ်ခေါ်ခြင်းနန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ

လိုအပ်ချက် = သူငယ်တန်း မှ ၇ တန်း အရွယ် ကျောင်းသား များအတွက် အိပ်ယာ များ ပံ့ပိုးခြင်း

ကူညီသော လက်များအဖွဲ့မှ နန်းဦးကျောင်း၏ အဓိက လိုအပ်လျက်ရှိသော လိုအပ်ချက်များကို ဆက်လက် လေ့လာရာတွင်... စားသောက်ရေးခက်ခဲမှု အပြင် ထပ်မံတွေ့ရှိချက်မှာ နေထိုင်အိပ်စက်ရေး အခက်အခဲများ ဖြစ်သည်။

ကလေးများနေထိုင်မှုကို လေ့လာခဲ့ရာ နှစ်ထပ်သစ်သားကျောင်းဆောင် အပေါ်ထပ်ကို နေ့လည် ပိုင်းတွင် ဆွမ်းစားဆောင်အဖြစ် အသုံးပြုပြီး၊ ညဘက်တွင် အိပ်ဆောင်အဖြစ် အသုံးပြုကြောင်း သိရှိရပါသည်။ ကလေးများတွင် ဖျာ၊ ခေါင်းအုံး၊ စောင် လုံလောက်မှု မရှိကြောင်းလည်းတွေ့ရပါသည်။ အခင်း မလုံလောက်သဖြင့် မသန့်ရှင်းသော ကြမ်းတွင် စုပေါင်းအိပ်စက်ကြရသဖြင့် အရေပြားရောဂါ (ယားနာ)များ လည်းပြန့်ပွားလျက်ရှိသည်ကို တွေ့ရှိခဲ့ရပါသည်။

ကလေးများ သန့်ရှင်းစွာ စနစ်တကျ နေထိုင်တတ်စေရန် ကလေးတစ်ဦးလျင် ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်၊ သေတ္တာတစ်လုံး၊ သွားတိုက်တံ တစ်ချောင်း၊ မျက်နှာသုတ်ပုဝါအသေး တစ်ထည် နှုန်း သတ်မှတ် ထားရှိပေးကာ လေ့ကျင့်သင်ကြားပေးနိုင်ပါက ကလေးများ ကျန်းမာရေးသန့်ရှင်းစွာ နေထိုင်သွားနိုင်မည် ဖြစ်ပါသည်။ ကလေးတစ်ဦးအတွက် ခန့်မှန်းကုန်ကျငွေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ခန့်မှန်းကုန်ကျငွေ
တစ်ယောက်အိတ်ဖျာ ၁ ချပ် ၂၂၀၀ ကျပ်၊ ခေါင်းအုံးနှင့် အစွပ် ၁ လုံး ၂၁၀၀ကျပ်၊ ချည်စောင် ၁ ထည် ၂၂၀၀ကျပ်၊ ခြင်ထောင် ၁ လုံး ၅၅၀၀ ကျပ်
စုစုပေါင်း ၁ ယောက်စာ ၁၂၀၀၀ကျပ်(တစ်သောင်း နှစ်ထောင်ကျပ်)
လိုအပ်သောအရေအတွက်မှာ ကလေး အယောက် ၇၀ ဦးစာ။

စေတနာရှင်များအနေဖြင့် အထက်ပါကျောင်းအတွက် မိမိတို့ တက်စွမ်းသမျှ လှူဒါန်းလိုပါက မိမိတို့ ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်တိုင် မသွားရောက်နိုင်ပါက မျိုးဆက်သစ်သို့ ကူညီသောလက်များ အဖွဲ့ (Helping Hands for New Generation) သို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

NanOo Monastic School - Health Care

23 Sept 2006
ပွင့်လင်းရာသီနဲ့ အတူ အေးစက်စက် ဖြစ်နေခဲ့တဲ့ ကျနော်တို့ ကူညီသော လက်များလည်း ပြန်လည် စိုပြည်လာအောင် ကြိုးစားနေပါတယ်။ ကျနော်တို့ရဲ့ အင်ဖော်မေးရှင်းမှာလည်း အတိအလင်း ရေးထားတဲ့ အတိုင်း ကျနော်တို့မှာ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုပြီး သုံးပိုင်းခွဲပြီး ဆောင်ရွက်ပါတယ်။
ပညာရေးမှာဆို စာရေးကိရိယာ လှူတာမျိုး၊ ကလေး ကျူရှင်စရိတ်ပေးတာမျိုး၊ ကျောင်းသုံး ပရိဘောဂ လှူတာမျိုး ကျနော်တို့ လုပ်ပေးနိုင်ခဲ့ပါတယ်။ လူမှုရေးမှာဆိုရင် ကလေးတွေကို ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုအနေနဲ့ တိရိစ်ဆန်ရုံ လိုက်ပို့တာမျိုး၊ ပညာပေး ပြဇာတ်လိုက်ပြပေးတာမျိုး၊ သင်ထောက်ကူ ပစ်စည်းတွေနဲ့ ကစားပေးတာမျိုး လုပ်ပေးနိုင်ခဲ့ပါတယ်။ ကျနော်တို့တွေ အားနည်းနေတာက ကျန်းမာရေး အပိုင်းပါ။
လုပ်ပေးနိုင်လှရင် ဆေးရုံတက်တဲ့ ကလေးအတွက် စရိတ်အလှူခံပေးတာမျိုးနဲ့ ဆေးခန်းပြပေးတာ မျိုးလောက်ပါပဲ။ ကျနော်တို့တွေ ရည်ရွယ်တာက တတ်သိနားလည်တဲ့ ဆရာဝန်တစ်ယောက်နဲ့ တစ်လကို တစ်ခေါက် ကလေးတွေကို ကျန်းမာရေး စစ်ဆေး၊ လိုအပ်တဲ့ ကုသမှုပေးတာမျိုး ပုံမှန်လေး လုပ်ပေးချင်တာပါ။ ကလေးတွေမှာက ၀ဲ၊ ယားနာဆိုတာမျိုး ပြတ်သွားစေချင်တာ။ဆိုတော့ ကျနော်တို့ စဉ်းစားလို့ ဉာဏ်မှီသလောက်ပေါ့လေ အောက်ပါ အတိုင်း စီစဉ်ထားပါတယ်။

ဆေးပုံး(၃)ခု ထားမယ် အပတ်စဉ် ဖြစ်စေ လစဉ်ဖြစ်စေ အလှည့်ကျ ကျောင်းတစ်ကျောင်းကို ဆရာဝန် တစ်ယောက်နဲ့ သွားပြီး ကျန်းမာရေး စစ်၊ လိုအပ်တဲ့ ကုသမှုပေးမယ်။ ဆရာဝန် စမ်းသပ်ချက်အရ တီဘီစစ်ဖို့ လိုမယ် ဘာညာဆိုရင် ကျနော်တို့ အဖွဲ့သားတွေထဲက ဖြစ်စေ ဗော်လန်တီယာတွေထဲက ဖြစ်စေ နဲ့အတူ ဆေးရုံမှာ သွားစစ်တာ၊ ဆေးထုတ်တာမျိုး လုပ်မယ်။ အလှူခံရရှိထားတဲ့ အားဆေးကို စနစ်တကျ တိုက်ကျွေးဖို့ မဖြစ်နိုင်တဲ့ကျောင်းတွေ(အုပ်ချုပ်သူနဲ့ ကျောင်းသားအရေအတွက်နဲ့ မမျှ၊ သေချာ စနစ်တကျ မရှိတဲ့ ကျောင်းတွေဆိုပါတော့)မှာ ဗော်လန်တီယာများ အကူအညီနဲ့ အားဆေးတိုက်မယ်။ လူအားနဲ့ ကလေးတွေကို ရေချိုးသန့်စင် ဆေးလူးပေးရမဲ့ အခြေအနေမျိုးဖြစ်နေတဲ့ ကျောင်းမှာဆိုရင် ဗော်လန်တီယာများ အကူအညီနဲ့ လုပ်မယ်။

ခုလောလောဆယ်ထိ လုပ်ပြီးသွားတာက တီချယ်ကူးရဲ့ အကူအညီနဲ့ ဘယ်လိုဆေးမျိုးတွေ ၀ယ်ရမယ်ဆိုတာ သိရပြီး ဆေး(၃)ပုံးစာ သွားဝယ်ထားပြီးပါပြီ။ ပထမဆုံး အနေနဲ့ ခုလာမဲ့ စနေနေ့မှာ နန်းဦးကျောင်းမှာ ဆန်လှူရင်း အဲဒီ ကျောင်းက ကလေးတွေကို ကျန်းမာရေး စစ်ဆေးကြည့်ပါမယ်။ အားလုံးကို ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ လူအားဖြစ်စေ၊ ပညာအားဖြင့် ဖြစ်စေ ကူညီနိုင်ပါတယ်။ စိတ်ဝင်စား သူများ ကျွန်တော်တို့ကို ပီအမ်ဖြစ်ဖြစ်စေ အဖွဲ့ရဲ့ အီးမေးလ် ကို ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
(သက်စု)
ကျွန်မတို့ အဖွဲ့မှာ ခုလောလောဆယ် ထားရှိထားတဲ့ ဆေးပုံးတွေပါ။ လိုအပ်မယ့် ဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက် အတိုင်းထည့်ပါတယ်။ နောက် အမေရိကန်နိုင်မှ မစုကြည်ထံမှ အလှူ ခံရရှိထားတဲ့ တစ်ချို့ လိုအပ်သည့် ဆေး များ ကိုလဲ ထည့်သုံးပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ (၂၃၊၀၉၊၂၀၀၆) မနက်ပိုင်း ၉ နာရီမှာ ကျွန်မတို့ အဖွဲ့ ၀င်များ (သက်စု၊ မော်မော်ထွန်း၊ ဒေါက်တာပြည့်ဖြိုး နဲ့ ကျွန်မ တင်ခိုင်လင်း) တို့ နန်းဦး ပရဟိတနဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းသို့ သွားရောက်ခဲ့ပါတယ်။ ဒေါက်တာပြည်ဖြိုး ရဲ့ စမ်းသပ် ညွှန်ကြားချက်အတိုင်း ချွဲထချောင်းဆိုး ကလေးငယ်များအား ဆေး တိုက်ကျွေးခြင်း၊ မစုကြည်ထံမှ အလှူခံရရှိ ထားသော အားဆေး နဲ့ ကယ်လ်စီယမ် များကို တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
(တင်ခိုင်လင်း)